ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ၏ စွမ်းပကားကို ဖော်ထုတ်ခြင်း


နိဒါန်း

အစိုးရအဖွဲ့အစည်းများ ပိုမို၍ပွင့်လင်းမြင်သာလာစေရန်၊ ပြည်သူ့လိုအပ်ချက်များအား ပိုမိုတုံ့ပြန်လုပ်ဆောင်ပေးနိုင်ရန်၊ ပိုမို၍ တာဝန်ယူတာ၀န်ခံမှုရှိလာစေရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ၊ နည်းပညာရှင်များ၊ အရပ်ဖက်လှုပ်ရှားမှုများသည် အစိုးအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန်၊ အစိုးရ၏သတင်းအချက်အလက်များ ပွင့်လင်းမှုရှိစေရန် တောင်းဆိုလာနေကြသည်။ နိုင်ငံအရပ်ရပ်ရှိ ရွေးကောက်ပွဲ စီမံကျင်းပရေးအဖွဲ့အစည်းများ (EMBs) ကလည်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုထုတ်ပြန်လာနေကြသည်။ National Democratic Institute အဖွဲ့အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များထုတ်ပြန်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်း ပုဂ္ဂိုလ်များမှ ၄င်းသတင်းအချက်အလက်များကို အသုံးပြုကာ ရွေးကောက်ပွဲ သမာသမတ်ကျမှုမြှင့်တင်ပေးနိုင်ရန် နှင့် ရွေးကောက်ပွဲစီမံကျင်းပရေး အဖွဲ့အစည်းများနှင့် အခြားရွေးကောက်ပွဲအဖွဲ့အစည်းများအား တာဝန်ယူတာ၀န်ခံမှု ရှိလာစေရေးတို့တွင် အထူးစိတ်ပါ၀င်စားပါသည်။ NDI ၏စွမ်းဆောင်ရည်၊ အတွေ့အကြုံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ထားရှိသည့် ရေရှည်ဆက်ဆံရေးတို့ပေါင်းစပ်လျှက် စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ ဤလမ်းညွှန်ကို အသုံးပြုကာ ရွေးကောက်ပွဲသတင်းအချက်အလက်များ အလွယ်တကူ ရရှိစေရေး၊ ရွေးကောက်ပွဲသမာသမတ်ကျမှုမြှင့်တင်ရေး၊ နိုင်ငံရေးအရ တာ၀န်ခံမှု၊ အစိုးရတာဝန်ခံမှု တိုးတက်ကောင်းမွန်စေရေး တို့ကိုလုပ်ဆောင်ရန် ရည်ရွယ်ထားပါသည်။ NDI သည် ကမ္ဘာတစ်ဝှမ်းရှိ ဘက်မလိုက်သည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများအား နည်းပညာအထောက်အပံ့များ ပေးလျှက်ရှိသည့် ကမ္ဘာထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အရေအတွက်အားဖြင့် နိုင်ငံပေါင်း ၉၅ နိုင်ငံမှ အဖွဲ့ပေါင်း ၄၀၀ ကျော်၊ ရွေးကောက်ပွဲပေါင်း ၃၀၀ ကျော်နှင့် စောင့်ကြည့်လေ့လာသူပေါင်းသုံးသန်းကျော်အထိ အကူအညီပေးလျက်ရှိသည်။

ကုလသမဂ္ဂဓါတ်ပုံ, Martine Perret

လမ်းညွန်၏ပထမပိုင်းဖြစ်သည့် ရွေးကောက်ပွဲ သမာသမတ်ကျမှု အခန်းတွင် ရွေးကောက်ပွဲ သမာသမတ်ကျမှုအတွက် အဓိကျသော အချက်လေးချက်ဖြစ်သည့် ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူ တာဝန်ခံမှုရှိခြင်း၊ အားလုံးပါဝင်နိုင်မှုရှိခြင်းနှင့် ယှဉ်ပြိုင်မှုရှိခြင်း တို့အား တင်ပြထားသည်။ ဒုတိယအပိုင်းအား ရွေးကောက်ပွဲ ပွင့်လင်း သတင်းအချက်အလက်များ ဆိုင်ရာမူများ ဟုအမည်ပေးထားသည်။ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်များအား ပွင့်လင်းမြင်သာဖြစ်စေသည့် အချိန်နှင့်တပြေးညီဖြစ်ခြင်း၊ အသေးစိတ်လုပ်ထားခြင်း၊ အင်တာနက်တွင် အခမဲ့ရယူနိုင်ခြင်း၊ ပြီးပြည့်စုံပြီး တစ်စုတစ်စည်းတည်းဖြစ်ခြင်း၊ သုံးသပ်မှုပြုနိုင်ခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ မူပိုင်ခွင့်ကင်းလွတ်ခြင်း၊ လိုင်စင်မဲ့ဖြစ်ခြင်းနှင့် အမြဲတမ်းရရှိနိုင်ခြင်း စသည့် အချက် (၉) ချက်ကို တင်ပြထားသည်။ တတိယပိုင်းမှာ ရွေးကောက်ပွဲ၏ အဓိကအဆင့်များ သို့မဟုတ် ရွေးကောက်ပွဲအဓိကကဏ္ဍများ ဖြစ်သည်။ ရွေးကောက်ပွဲ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မဲလက်မှတ် စိစစ်ခြင်း၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ငွေကြေးသုံးစွဲမှု၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲရလာဒ်များ၊ တိုင်တောခြင်းနှင့် အငြင်းပွားမှုများဖြေရှင်း စသည်တို့အပြင် ကဏ္ဍတစ်ခုချင်းစီအတွက် ထုတ်ပြန်သည့် သတင်းအချက်အလက် နမှုနာများပါဝင်သည်။ အပိုင်း (၄) ဖြစ်သည့် ပွင့်လင်းရွေးကောက်ပွဲသတင်းအချက်အလက် လက်တွေ့ကျင့်သုံးခြင်း၊ တောင်အမေရိကတိုက်မှ နမှုနာများ တွင် နိုင်ငံခြောက်နိုင်ငံအား နမူနာပြု၍ နည်းနည်းချင်းစုထားပြီး ဆက်စပ်မှုလည်းရှိသည့် သတင်းအချက်အလက်များအား သုံးသပ်ရန်လွယ်ပြီး ထုနှင့်ထည်နှင့်တင်ပြထားသည့် ပွင့်လင်း သတင်းအချက်အလက် ပုံစံများ ဖြစ်လာရန် ထုတ်ပြန်ပုံကို အသားပေး ဖော်ပြထားသည်။ နောက်တစ်နည်းအားဖြင့် ပြောရလျှင် ဤနိုင်ငံများသည် ပွင့်လင်းရွေးကောက်ပွဲအချက်အလက်မူများနှင့် ကိုက်ညီသည်။ ထို (၆) နိုင်ငံမှာ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ ကော်စတာရီကာ၊ မက္ကဆီကိုနှင့် ပီရူးနိုင်ငံတို့ ဖြစ်ကြသ

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား အသုံးပြုသူများမှာ များသောအားဖြင့် မဲပေးသူများမဟုတ်ဘဲ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဖြစ်နေတတ်ကြသည်။ ၄င်းတို့သည် ၄င်းသတင်းအချက်အလက်များအား ပြန်သုံးခြင်းသော်လည်းကောင်း နောက်ရည်ရွယ်ချက် တစ်ခုခုအတွက် ပြောင်းလဲသုံးခြင်းတို့ လုပ်တတ်ကြသည်။ ဤကဲ့သို့သော အဖွဲ့အစည်း များအား တစ်ခါတစ်ရံ သတင်းအချက်အလက် ကြားခံအဖွဲ့အစည်းများ ဟူ၍လည်း ခေါ်ဝေါ်တတ်ကြသည်။ ဤအဖွဲ့အစည်းများသည် ၄င်းတို့နှင့်ဆိုင်ရာ ​ဒေသဗဟုသုတများကို အသုံးပြုလျက် သတင်းအချက်အလက် များအားသုံးသပ်ပြီး တွေ့ရှိချက်များအား ပြည်သူများ နားလည်လွယ်ကူစေသည့် ပုံစံဖြင့် ချပြတတ်ကြသည်။ သို့မဟုတ် သတင်းအချက်အလက်များအား ပြန်လည်ရောနှောပြီး လူတစ်ဉီးချင်းစီ အသုံးပြုနိုင်ရန်အတွက် ထုတ်ပြန်နိုင်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံရှိ မဲပေးသူများအတွက်သတင်း အချက်အလက် စီမံကိန်း သည် မဲရုံတည်နေရာများ မြေပုံညွှန်းများကို ရွေးကောက်ပွဲ လမ်းနယ်နိမိတ်များနှင့် ပေါင်းစပ်ကာ မဲပေးသူများ၏ နေအိမ်လိပ်စာရိုက်ထည့်ရုံဖြင့် ၄င်းတို့နှင့် သက်ဆိုင်ရာ မဲရုံကို ရှာတွေ့နိုင်ရန်အတွက် ပြုလုပ်ပေးထားသည်။

ပွင့်လင်းသတင်းအချက်အလက် ဖြစ်စဉ်များနှင့်ဆက်စပ်သည့် အရင်းအမြစ်များ (မည့်ကဲ့သို့ပြုလုပ်မည်)

ဤလမ်းညွှန်သည် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုအတွင်း အဓိကအဆင့်များကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် ရွေးကောက်ပွဲ အချက်အလက်များကို ပြည်သူလူထုသို့ လက်လှမ်းမီအောင် ပြုလုပ်နိုင်သည့် မူ များကို ဖော်ပြခြင်း တို့ကို အဓိက လုပ်ဆောင်သည်။ ဤလမ်းညွှန်တစ်ခုလုံးတွင် ရွေးကောက်ပွဲ စီမံခန့်ခွဲရေး အဖွဲ့အစည်းများ (EMB) များက ပွင့်လင်းမြင်သာမှု အဆင့် အမျိုးမျိုးရှိသည့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ပေးထားသည့် သာဓက များစွာကို တွေ့ရမည်။ သို့သော်လည်း ဤမူများကို အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ စာအုပ်စသည်ဖြင့် အရင်းအမြစ် မြောက်မြားစွာ ရှိနေပြီးဖြစ်သည့် အတွက် အချက်အလက်များကို ပွင့်လင်းမြင်သာအောင် လုပ်သည့် ဖြစ်စဉ်ရှိ အဆင့်သေးစိတ်ကို ဤလမ်းညွှန်တွင် ဖော်ပြခြင်း မပြုတော့ပေ။ ပွင့်လင်းမြင်သာ အချက်အလက်များကို မည့်ကဲ့သို့ ပြုလုပ်နိုင်သည်နှင့် စပ်လျဉ်း၍ Open Knowledge Foundation မှ ထုတ်ပြန်သည့် ပွင့်လင်းသတင်းအချက်အလက် လက်စွဲ (Open Data Handbook) ၏ သတင်းအချက်အလက်များကို မည်သို့ ပွင့်လင်းအောင် လုပ်မည် "How to Open Up Data" ဟူသည့် အခန်းတွင် ဖတ်ရှုနိုင်သည်။ ရွေးကောက်ပွဲ အချက်အလက်များနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်သော၊ ဥပဒေပြုသော၊ စည်မျဉ်းစည်းကမ်းများ ထုတ်ပြန်သော ဥပဒေပြုအဖွဲ့များနှင့် ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများသည် ရွေးကောက်ပွဲ အချက်အလက်များကို အသုံးပြုသူ၊ အသုံးပြု လာနိုင်သည့်သူများ အပါအဝင် ပြည်သူလူထုနှင့် စောနိုင်သမျှ အစောဆုံးနှင့် ပြည့်ဝနိုင်သမျှ အပြည့်ဝဆုံး ကူးလူးဆက်ဆံခြင်းများ ပြုလုပ်သင့်သည်။ ဤအကြောင်းအရာများနှင့် ဆက်စပ်၍ နောက်ထပ် သတင်းအချက်အလက်များကို အောက်ပါနေရာများတွင် တွေ့နိုင်သည်။

  • ဗြိတိန်နိုင်ငံ၏ Open Data White Paper တွင် ရပ်ရွာဘုတ် အဖွဲ့များကို အသုံးပြုခြင်း၊ ဆက်ဆံရေးဗျူဟာများ ရေးဆွဲခြင်းတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များပါရှိသည်။
  • ကမ္ဘာ့ဘဏ်၏ အစိုးရသတင်း အချက်အလက်များ ပွင့်လင်မြင်သာရှိမှု ဆိုင်ရာ အလုပ်အဖွဲ့သည်လည်း ပွင့်လင်း သတင်းအချက်အလက် ဖြစ်မှု အကဲဖြတ်ခြင်း ကိရိယာများ (Open Data Readiness Assessment (ODRA) tool) ကို ဖန်တီးထားသည်။ ဤ နည်းလမ်းဖြင့် အစိုးရတစ်ရပ် သို့မဟုတ် တစ်သီးပုဂ္ဂလ အဖွဲ့အစည်းတစ်ခု၏ ပွင့်လင်းမြင်သာ သတင်းအချက်အလက် စီမံချက်ကို အကဲဖြတ်ရန်၊ စီစဉ်ရေးဆွဲရန်၊ အကောင်အထည်ဖော်ရန် နှင့် အဆင့်သင့်ဖြစ်မှု ကို လက်တွေ့အခြေပြု အကဲဖြတ်ရာတွင် အသုံးပြုနိုင်သည်။
  • The Open Data Institute (ODI) တွင် ပြန်လည်အသုံးပြုသူများနှင့် ဆက်ဆံရေးအတွက် လမ်းညွှန်ငယ် တစ်ခုရှိသည်။
  • Making Data "License-Free" ဝက်ဘ်ဆိုက်တွင် အမေရိကန်နိုင်ငံရှိ ဖက်ဒရယ်အေဂျင်စီများ အသုံးပြုနိုင်သည့် နမူနာ ဘာသာစကား ကို တင်ထားပေးသည်။ ဤ ဝက်ဘ်ဆိုက်တွင် ထုတ်ဝေမှုများသည် လိုင်စင်မဲ့ဖြစ်ကြောင်း ထင်ရှားစေရန် အသုံးပြုနိုင်သည့် အသုံးစကားများကို အကြံပြုထားသည်။

ပွင့်လင်းအစိုးရနှင့် ပွင့်လင်းသတင်းအချက်အလက်နယ်ပယ်ရှိ ဖွံဖြိုးတိုးတက်မှုများ မှတ်တမ်း

  • ၂၀၀၆ ခုနှစ်။ Open Knowledge (ယခင် Open Knowledge Foundation သို့မဟုတ် OKF ဟုခေါ်ဆိုသည့်) သည် “ပွင့်လင်းမြင်သာသည့် အချက်အလက်”၊ “ပွင့်လင်းမြင်သာသည့် အကြောင်းအရာ” ဟူ၍ ပွင့်လင်းအဓိပ္ပါယ်ဖွင့်ဆိုချက် ကို ဖန်တီးခဲ့သည်။ သူတို့၏ အချက် ၁၁ ချက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို “အချက်အလက်တစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုသည် မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်လျှင်၊ ပြန်လည်အသုံးပြုနိုင်၊ ဝေမျှနိုင်လျှင် ယင်းအချက်အလက်သည် ပွင့်လင်းသည်၊ ယင်းသို့ပြုလုပ်ရာတွင် မူလရင်းမြစ်ကို ဖော်ပြရန်သာလိုသည် နှင့်/သို့မဟုတ် အများသူငါ နည်းတူ ဝေမျှရန်သာလိုသည်”ဟူ၍ အကျဉ်းချုပ် ဖွင့်ဆိုထားသည်။ မှတ်သားသင့်သည် အချက်တစ်ချက်မှာ ပွင့်လင်းအဓိပ္ပာယ်ဖွင့်ဆိုချက် စတင်ရေးသားစဉ်က အစိုးရလက်ဝယ်တွင်ရှိသည့် အချက်အလက်များကိုသာ ရည်ညွှန်းရန်မဟုတ်ဘဲ “ပွင့်လင်းမြင်သာမှု”ကို အကျယ်တဝင့် ခြုံ၍ ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။
  • ၂၀၀၇ ခုနှစ်။ O'Reilly Media မှ Tim OReilly နှင့် Public.Resource.Org မှ Carl Malamud တို့နှစ်ဦးသည် အစိုးရ ပွင့်လင်းမြင်သာမှုရှိရေးတွင် စိတ်ပါဝင်စားသည် လူပုဂ္ဂိုလ် ၃၀ အားလက်ခံ၍ အစည်းအဝေးတစ်ခု ကျင်းပသည်။ ယင်းတွေ့ဆုံမှုကို Google၊ Sunlight Foundation နှင့် Yahoo တို့မှ ကမကထပြု ကျင်းပခဲ့သည်။ တက်ရောက်သူများထဲမှ အလုပ်အဖွဲ့သည် အစိုးအရဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက်မူ ၈ ချက် ကို ထုတ်ပြန်သည်။ ဤမူများသည်ပင် ပွင့်လင်း သတင်း အချက်အလက်မူများကို အစိုးရတာဝန်ယူတာဝန်ခံမှုနှင့် ဆက်စပ်၍ ပထမဆုံး လက်တွေ့ကျင့်သုံးရန် ကြိုးပမ်းမှုများဖြစ်တော့သည်။
  • ၂၀၁၁ ခုနှစ်။ ပွင့်လင်းအစိုးရ ပူးပေါင်းဆောင်ရွက်မှု (OGP) ကိုစတင်ခဲ့သည်။ OGP သည် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်း စသည်ဖြင့် ဘက်ပေါင်းစုံပါဝင်သည့် ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည်။ အစိုးရပိုင်းမှ ရေရှည်တွင် ပွင့်လင်းမြင်သာ လာစေရန်၊ တာဝန်ယူ တာဝန်ခံမှုရှိစေရန်၊ ပြည်သူ့လိုအပ်ချက်ကို တုံ့ပြန်ဖြည့်ဆည်းပေးသည့် အစိုးရဖြစ်လာရန်နှင့် နောက်ဆုံးတွင် အစိုးရ၏ အုပ်ချုပ်မှုအရည်အသွေးကို တိုးမြှင့်ရန် ရည်ရွယ်သည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုရှိရေး စီမံချက်မှ ပွင့်လင်းအစိုးရလမ်းညွှန်ကို ထုတ်ပြန်သည်၊ ဤလမ်းညွှန်ကို ၂၀၁၃ လန်ဒန် OGP ထိပ်သီးအစည်းအဝေး၌ ထပ်မံဖြည့်စွက်ခဲ့သည်။ ဤလမ်းညွှန်တွင် ရွေးကောက်ပွဲများအကြောင်း အခန်း ၁ ခန်းပါရှိသည်။
  • ၂၀၁၂ခုနှစ်။ Joshua Tauberer မှ Open Government Data: The Book ကိုထုတ်ဝေခဲ့သည်။။ ပြည်သူ့အကျိုးပြု hacker တစ်ဦးဖြစ်သည့် Joshau Tauberer သည် govtrack.us ကိုစတင်တည်ထောင်ခဲ့ပြီး Open Data Day DC ကို ပူးတွဲစီစဉ်ကျင်းပသူတစ်ဦးလည်းဖြစ်သည်။
  • ၂၀၁၂ခုနှစ်။ ပွင့်လင်းသတင်းအချက်အလက်များသည် မည်ကဲ့သို့ စီးပွားရေးတန်ဖိုး၊ သဘာဝပတ်ဝန်းကျင်တန်ဖိုး၊ လူမှုရေးတန်ဖိုးများကို ဖန်တီးကြောင်း စမ်းသပ်နိုင်ရန် Sir Tim Berners-Lee နှင့် ပါမောက္ခ Professor Nigel Shadbolt တို့နှစ်ဦး Open Data Institute ကို တည်ထောင်ခဲ့သည်။။
  • ၂၀၁၂ခုနှစ်။ မည်သည့်အချက်အလက်များသည် ပြည်သူပိုင်ဖြစ်သင့်သနည်း၊ အချက်အလက်များကို မည်ကဲ့သို့ ပြည်သူပိုင် ပြုလုပ်နည်းသနည်း၊ မူဝါဒများကို မည်ကဲ့သို့ အကောင်အထည် ဖော်နိုင်သနည်း စသည်တို့ကို ဖြေရှင်းရန် Sunlight Foundation မှ ပွင့်လင်းသတင်းအချက်အလက် မူဝါဒ လမ်းညွှန် (Open Data Policy Guidelines) ကို ထုတ်ဝေခဲ့သည်။။
  • ၂၀၁၃။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ အမေရိကနှင့် ဗြိတိန်နိုင်ငံများမှ ခေါင်းဆောင်များ ၈ နိုင်ငံအုပ်စု ထိပ်သီးအစည်းအဝေးအတွက် တွေ့ဆုံခဲ့သည်။ ယင်းအစည်းအဝေး၌ ဤနိုင်ငံ အစိုးရများ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များထဲမှ တစ်ခုမှာ ပွင့်လင်းမြင်သာမှု ပင်ဖြစ်သည်။ ယင်းမှ ရလဒ်အနေဖြင့် ပွင့်လင်းသတင်း အချက်အလက် သဘောတူညီမှု Open Data Charter ကိုလက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ကြသည်။ ယင်းစာချုပ်တွင် ပွင့်လင်းအချက်အလက်များမှာ နိုင်ငံသားများ၏ လိုအပ်ချက်များကို ပို၍ ဖြည့်ဆည်းပေးနိုင်သည့်၊ တီတွင်ဆန်းသစ်မှုများ၊ စည်ပင်ဝပြောမှုများ ဆောင်ကြဉ်းပေးနိုင်သည့် ပို၍ခိုင်မာပြီး ပို၍ကူးလူးဆက်နွှယ်မှုရှိသည့် လူ့အသိုင်းအဝိုင်းများ ဖော်ဆောင်ပေးနိုင်ရန် အလားအလာရှိသော အသုံးပြုမှု နည်းသေးသည့် အရင်းအမြစ်များဖြစ်ကြောင်း သဘောတူခဲ့ကြသည်။ ယင်းစာချုပ်တွင် ၈ နိုင်ငံအစိုးရတို့သည် ၂၀၁၅ မကုန်မီ စတင်အကောင်အထည်ဖော်ရန် ရည်ရွယ်လျက် ပွင့်လင်းသတင်းအချက်အလက်များအတွက် လုပ်ငန်းစီမံကိန်းများကို ၂၀၁၄ မကုန်မီအပြီးရေးဆွဲ မည်ဟု ကတိကဝတ်ပြုကြသည်။
  • ၂၀၁၄။ Open Government Data: The Book ကို ဒုတိယ အကြိမ်ထုတ်ဝေခဲ့သည်။
  • ၂၀၁၄။ Open Knowledge Foundation (OKF) မှ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက် အညွှန်းကို ထုတ်ဝေခဲ့သည်။ ဤအညွှန်းသည် ဘက်ဂျပ်ဆွဲခြင်း၊ ငွေကြေးသုံးစွဲမှု၊ နိုင်ငံတော်စာရင်းအင်းနှင့် ဥပဒေပြုရေးတို့တွင် သက်ဆိုင်ရာ အစိုးရ၏ ပွင့်လင်းမြင်သာမှုကို အမှတ်ပေး တိုင်းတာသည်။

Facebook
Twitter
Instagram
Youtube
Tumblr