ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ၏ စွမ်းပကားကို ဖော်ထုတ်ခြင်း


အပိုင်း ၂၊ ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက် မူများ

မူ (၅)။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များသည် ခွဲခြမ်းစိတ်ဖြာ၍ရသည့်အခါ ပွင့်လင်း မြင်သာမှုရှိသည် (ဥပမာ ဒီဂျစ်တယ် ပုံစံ၊ စက်တွင်ဖတ်နိုင်သည့် ပုံစံဖြင့်ရနိုင်သည့်အခါ)

Analyzable

ဒီဂျစ်တယ်ပုံစံ သို့မဟုတ် စက်တွင်ဖတ်နိုင်သည့်ပုံစံ အချက်အလက်များသည် လွယ်ကူစွာနှင့် မြန်ဆန်စွာ ခွဲခြမ်းစိတ်ဖြာ နိုင်သည်။ ယင်းသို့ခွဲခြမ်းစိတ်ဖြာနိုင်သည့် အချက်အလက်များကို အလွယ်တကူရနိုင်ခြင်းသည် ရွေးကောက်ပွဲဖြစ်စဉ် သမာသမတ်ကျမှုအား အကဲဖြတ်ရာတွင် အဓိကကျသည်။ ဤသို့သတင်းအချက်အလက်လက်လှမ်းမီခြင်းသည် သာမန်ပြည်သူများ မူရင်းအချက်အလက်များအား ကိုယ်တိုင် သုံးသပ်ဝေဖန်နိုင်မည့်အပြင် ရွေးကောက်ပွဲစီမံကျင်းပရေး အဖွဲ့အစည်းများ၏ သုံးသပ်ချက်များအားလည်း အကဲဖြတ်နိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု တိုးလာစေသည်။ dataset တစ်ခုသည် သူ့အတိုင်းဆိုလျှင် လူတစ်ယောက်အား သတင်းပေးနိုင်မှု အလွန်နည်းပါးသည်။ ၄င်း dataset အား တစ်နည်းနည်းဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သည် (ဥပမာ သုံးသပ်ခြင်း၊ ရုပ်ပုံများနှင့် သရုပ်ဖော်ခြင်း) နှင့်တပြိုင်နက် အသုံးဝင်မှုတိုးလာပြီး ဗဟုသုတလည်း ဖြစ်စေသည်။

စက်ဖြင့်ဖတ်နိုင်ခြင်း

လုပ်ငန်းသုံးစကားဖြင့် ဆိုရသော် “စက်ဖြင့် ဖတ်နိုင်သော” အချက်အလက် ဆိုသည်မှာ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်နိုင်သော အချက်အလက်များကို ဆိုလိုသည်။ “စက်ဖြင့် ဖတ်နိုင်သည်”ဟု ဆိုလျှင် အချက်အလက်များသည် ကွန်ပျူတာက အလွယ်တကူနားလည်နိုင်သည့် ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် အချက်အလက်များကို စက်ဖြင့် အလိုအလျောက် ဖတ်ရှုနိုင်ရန် စနစ်တကျ စီစဉ်ထားသည့် ပုံစံ ဖြစ်သည်။ ပွင့်လင်း ဗဟုသုတ ဖောင်ဒေးရှင်း (Open Knowledge Foundation) အဖွဲ့၏ ပွင့်လင်း အချက်အလက် မူဝါဒ လက်စွဲ စာအုပ်တွင် စက်ဖြင့်ဖတ်နိုင်သော ပုံစံကို “ကွန်ပျူတာ ပရိုဂရမ်များဖြင့် အလွယ်တကူ ခွဲထုတ် လေ့လာနိုင်သော အချက်အလက်များ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

စက်ဖြင့် ဖတ်နိုင်ခြင်း နှင့် ဒီဂျစ်တယ် ပုံစံဖြင့် ရယူနိုင်ခြင်း

“စက်ဖြင့်ဖတ်နိုင်”သည့် သတင်းအချက်အလက်သည် ဒီဂျစ်တယ်ပုံစံဖြင့် ရယူနိုင်သည့် သတင်းအချက်အလက် နှင့်မတူကြောင်း နားလည်ရန်အရေးကြီးသည်။ အစီရင်ခံစာ တစ်စောင်အား scan ဖတ်ခြင်းသည် ဒီဂျစ်တယ်ပုံစံဖြင့် ရယူနိုင်သည့် သတင်းအချက်အလက်ဖြစ်လာသည်။ သို့သော်လည်း ကွန်ပျူတာသည် ၄င်း scan ဖတ်ထားသည့် အစီရင်ခံစာတွင်ပါသည့် အချက်အလက်များအား ဖတ်နိုင်မည် မဟုတ်ပေ။ Data.gov မှထုတ်ဝေသည့် အွန်လိုင်း စာရွက်စာတမ်းများနှင့် အချက်အလက်များ စက်တွင်ဖတ်နိုင်ခြင်း အခြေခံ တွင် စက်တွင်ဖတ်နိုင်ခြင်းနှင့် ဒီဂျစ်တယ်ပုံစံဖြင့် ဖတ်နိုင်ခြင်း ခြားနားချက်အား အောက်ပါအတိုင်း ရှင်းလင်းထားသည်။

ခြားနားချက်မှာ မဂ္ဂဇင်းအဖုံးတစ်ခုနှင့် ၄င်းအဖုံးပေါ်ရှိ ဘားကုတ်တို့ မတူညီ သကဲ့သို့ပင် ဖြစ်သည်။ အွန်လိုင်းပုံစံဖြင့် ဖော်ပြမည် ဆိုလျှင်တောင်မှ ကွန်ပျူတာသည် မဂ္ဂဇင်းအဖုံးပေါ်ရှိ ရုပ်ပုံအား နားလည်မည် မဟုတ်ချေ။ သို့သော် ကွန်ပျူတာသည် ဘားကုတ်အား ဖတ်နိုင်၊ နားလည်နည်နိုင်သည်။ ဘားကုတ်တွင် ရေးထားသည့် စျေးနှုန်းကို သိနိုင်ခြင်း၊ ဝယ်ယူမှုတို့ကို ခြေရာခံခြင်းတို့ လုပ်နိုင်သည်။

ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများသည် အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာနိုင်သည့် (စက်ဖြင့်ဖတ်နိုင်သည့်) format ပုံစံဖြင့် ထုတ်ပြန်သည့်အခါ စာရွက်စာတမ်း (ပုံစံသေနှင့် အပြောင်းအလဲလုပ်ရန် ခက်ခဲသည်) နှင့် သတင်းအချက်အလက် (တိုးတက်ပြောင်းလဲနေပြီး၊ စီစဉ်ပြုပြင်ရန်ဖြစ်နိုင်သည်) တို့အကြား ကွာဟချက်ကို လျော့ချနိုင်သည်။

ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများသည် သတင်းအချက်အလက်များအား PDF ပုံစံဖြင့် ထုတ်ပြန်လျက် ရှိကြသော်လည်း ၄င်း PDF ပုံစံအား စက်ဖြင့် ဖတ်ရန် မဖြစ်နိုင်ပေ။ တကယ်တမ်းပြောရလျှင် ရွေးကောက်ပွဲ အချက်အလက်များ (အစီရင်ခံစာ၊ ဆက်သွယ်ရမည့် လိပ်စာ၊ ရွေးကောက်ပွဲရလာဒ် စသည်) ထုတ်ပြန်နေကြသည့် ပုံစံအများစုမှာ စက်ဖြင့်ဖတ်ရန် မဖြစ်နိုင်ပေ။ PDF၊ Word Document၊ JPG Images၊ HTML Pages စသည့် ပုံစံများသည် အလိုအလျောက် သုံးသပ်ချက်၊ လုပ်ဆောင်ချက်တို့ ပြုလုပ်နိုင်သည့် ပုံစံများ မဟုတ်ကြချေ။ ၄င်းပုံစံများမှာ သတင်းအချက်အလက်များအား ဖန်သားပြင်ပေါ်တွင် ပြသရန် (သို့မဟုတ်) print ထုတ်လုပ်ခြင်းများအတွက်သာ အသုံးဝင်ပေသည်။ ယင်းပုံစံများသည် ပြုပြင်ပြောင်းလဲရန် ခက်ခဲသည့်အပြင် ပါရှိသည့် အကြောင်းအရာများအားလည်း ခွဲခြမ်းသုံးသပ်ရန် ခက်ခဲခြင်းသည်လည်း အဆင်မပြေသည့် နောက်အကြောင်းအရင်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ကွန်ပျူတာ တစ်လုံးသည် PDF ပုံစံ document တစ်ခုမှ စာသားများကို ပြသနိုင်သော်လည်း ၄င်းစာသား၏ ဖွဲ့စည်းပုံနှင့် ဆက်စပ်အခြေအနေများကို “နားလည်ခြင်း” မရှိပေ။

သင့်တင့်လျောက်ပတ်သည့် ရည်ရွယ်ချက်များအတွက် သင့်တင့်လျောက်ပတ်သည် format ပုံစံများ

ရှေ့တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်း PDF၊ Word၊ JPG Images ၊ HTML Pages စသည့် format ပုံစံများတွင် အလိုအလျောက် လုပ်ဆောင်စေသည့် ဖွဲ့စည်းပုံမရှိကြ။ ၄င်း format ပုံစံများသည် ဖန်သားမျက်နှာပေါ်တွင် ဖော်ပြရန်နှင့် ပုံနှိပ်ထုတ်ရန် များအတွက်သာ သင့်တော်သည်။ အစဉ်အလာအားဖြင့် ၄င်း format ပုံစံများသည် ထုတ်ပြန်သည့် အချိန်ကာလအတွင်းသာ သင့်တော်သည့် ပုံစံများဖြစ်သည်။ ၄င်း format များဖြင့် ရွေးကောက်ပွဲ အဖွဲ့အစည်းတစ်ခုသည် သတင်းအချက်အလက်များ ထုတ်ပြန်သည့်အခါ အသုံးပြုစေလိုသည့် ရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက် ဖတ်ရန်၊ print ထုတ်ရန်၊ သို့မဟုတ် အလွန်ဆုံး ဖောင်ဖြည့်ခြင်းကဲ့သို့ ပြုလုပ်ရန်သာ ရည်ရွယ်ပေသည်။ တချို့အခြေအနေများတွင် အသုံးပြုသူများသည် အချက်အလက်အား မေးခွန်းထုတ်နိုင်ကောင်း ထုတ်နိုင်မည်ဖြစ်သော်လည်း ၄င်းအချက်အလက်အား ကျောထောက်နောက်ခံလုပ်ထားသည့် နောက်ခံ အချက်အလက်အများအား ရယူနိုင်လိမ့်မည်မဟုတ်။ ဤကဲ့သို့ သတင်းအချက်အလက်များ ဖိုင်အသေများဖြင့် ထုတ်ပြန်ခြင်းမှာ format ပုံစံများနှင့် ရင်းနှီးပြီးသားဖြစ်ခြင်းက တစ်ကြောင်း၊ “အသုံးပြုသူ”အားဘောင်ကျဉ်းကျဉ်းဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းကြောင့် တစ်ကြောင်း အသုံးပြုသူများ အနေဖြင့် ထုတ်ပြန်သည့် အချက်အလက်များအား အသုံချနိုင်မှု အား လျော့တွက်ထားခြင်းတို့ကြောင့် ဖြစ်သည်။

ယနေ့အချိန်တွင် ရွေးကောက်ပွဲ သတင်းအချက်အလက်များ အသုံးပြုမှု အမျိုးမျိုးကို အပြည့်အဝ သဘောပေါက်သည့် ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများသည် အချက်အလက်များအား print ထုတ်နိုင်သည့် ပုံစံနှင့် ခွဲခြမ်းစိတ်ဖြာနိုင်သည့် ပုံစံအပါအဝင် ပုံစံ format မျိုးစုံဖြင့် ထုတ်ပြန်နေကြပြီဖြစ်သည်။ ​​ဂျော်ဂျီယာနိုင်ငံ၊ ကိုလံဘီယာနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများရှိ ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများသည် သူတို့၏ web[1]မျာ းတွင် scan ဖတ်ထားသည့် မဲရုံမှမဲရလာဒ် ပုံစံဖောင်များအား အချိန်နှင့် တပြေးညီနီးပါး ထုတ်ပြန်ပေးလျက် ရှိသည်။ ယင်းကဲ့သို့ scan ဖတ်လျက် ထုတ်ပြန်ခြင်းမှာ သတင်းအချက်အလက်များ၏ မူရင်းဇစ်မြစ်အား ပွင့်လင်းစွာ ထုတ်ဖော်လိုပြီး မည်သူမဆို လက်ရေးဖြင့်ရေးထားသည့် ကိန်းဂဏန်းများ၊ လက်မှတ်များနှင့် မဲတာလီများအား ထင်သာမြင်သာရှိရှိ စစ်ဆေးနိုင်စေရန် ဖြစ်သည်။ ၂၀၁၂ ခုနစ် မက္ကဆီကိုနိုင်ငံ သမ္မတနှင့် လွှတ်တော်အမတ် ရွေးကောက်ပွဲများအတွက် IFE ခေါ် မက္ကဆီကို ဖယ်ဒရယ် ရွေးကောက်ပွဲ အင်စတီကျု (ယခု INE ခေါ် မက္ကဆီကို အမျိုးသား ရွေးကောက်ပွဲ အင်စတီကျု) သည် ရွေးကောက်ပွဲတစ်ခုချင်းစီ၏ ပဏာမမဲရလာဒ်နှင့် နောက်ဆုံးမဲရလာဒ်များအား စက်ဖြင့်ဖတ်နိုင်သည့် format (TXT file) ဖြင့် တစ်ကြိမ်တည်း download လုပ်နိုင်ရန် ထုတ်ပြန်ပေးသည်။ ပဏာမ မဲရလာဒ်များကို IFE ၏ PREP site ရှိ Base de Datos အောက်တွင် compressed file အဖြစ်ရယူနိုင်ပြီး ပြည်နယ်တစ်ခုချင်းစီအလိုက် နောက်ဆုံး မဲရလာဒ်များကို IFE ၏ သမိုင်းဝင် အချက်အလက် ATLAS system တွင် bulk download (တစ်စုတစ်ခဲတည်း download လုပ်နိုင်) ပုံစံဖြင့် ထုတ်ပြန်ထားသည်။ ဤ format ဖြင့် တင်ပေးထားခြင်းမှာ သတင်းမီဒီယာများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများအား အချက်အလက်များကို မြန်မြန်ဆန်ဆန် သုံးသပ်ပြီး အတည်ပြုပေးနိုင်စေရန် ဖြစ်သည်။ IFE နမူနာအားကြည့်လျှင် format အား အသုံးပြုရန် ရည်ရွယ်ချက်နှင့် အညီ ပြုလုပ်ခြင်းသည် ဓါတ်ပုံ scan များအစား စက်ဖြင့်ဖတ်နိုင်သည့် အချက်အလက်များသာ ထုတ်ပြန်ခြင်းမဟုတ်ဘဲ ဤနှစ်မျိုးစလုံးအား အတူတကွ ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်းတွေ့ရမည်။ ထို့ကြောင့် format ရွေးချယ်ရာတွင် အသုံးပြုမည့် ရည်ရွယ်ချက်များနှင့် အညီ ရွေးချယ်ရမည်။ သို့မှသာ ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းများသည် သတင်းအချက်အလက်များအား format အမျိုမျိုးဖြင့် တပြိုင်နက်တည်း နီးပါး ထုတ်ပြန်ပေးနိုင်ကြပေမည်။

CSV၊ JSON နှင့် XML ။ ရွေးကောက်ပွဲ သတင်းအချက်အလက်များထုတ်ပြန်ရန် သင့်တော်သည့် format များ

  • ရွေးကောက်ပွဲ သတင်းအချက်အလက်များ၏ ဖွဲ့စည်းပုံအများစုမှာ ဇယားတစ်ခု သို့မဟုတ် ဇယားများဖြင့် ဖော်ပြထားသည့် tabular data ဖြစ်သည်။ tabular data အားဖော်ပြရန် အများဆုံး အသုံးပြုသည့် စက်ဖြင့်ဖတ်နိုင်သည့် format မှာ Comma Separated Variables (CSV) file အမျိုးအစားဖြစ်သည်။ Database နှင့် spreadsheet program အားလုံးနီးပါးအား ဤ format ဖြင့် သိမ်းထားနိုင်သည်။ CSV သည် tabular data အား စာသားအခြေခံ (text-based) ပုံစံဖြင့် သိမ်းထားသည့်အတွက် ကွန်ပျူတာများ အလွယ်တကူ process လုပ်နိုင်သည်။
  • JavaScript Object Notation (JSON) သည် စက်ဖြင့်ဖတ်နိုင်ပြီး မူပိုင်ခွင့်လည်း ကင်းလွတ်သည့် format တစ်ခုဖြစ်သည်။ JSON သည် ဝက်ဘ်ဆိုက် အတော်များများတွင် အသုံးပြုသည့် JavaScript language မှ ဆင်းသက်လာခြင်းဖြစ်သည်။ JSON သည် ဇယားဖြင့် ဖော်ပြသည့် အချက်အလက်များထက် အဖွဲ့အစည်း တစ်ခု၏ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲနယ်နိမိတ်အဆင့်ဆင့်တို့ကဲ့သို့ အဆင့်မတူသည့် ဆက်နွှယ်မှုများကို ဖော်ပြသည် အချက်အလက်များကို ကိုယ်စားပြုရန် သင့်တော်သည်။ သို့သော် CSV၊ JSON တို့၏ အားနည်းချက် တစ်ခုမှာ ပေးထားသည့်အချက်အလက်အား ထပ်ဆင့်ရှင်းပြသည့် အချက်အလက်ဖြစ်သည့် metadata မပါဝင်ခြင်းပင်ဖြစ်သည်။ ထပ်ဆင့်ရှင်းပြသည့် metadata များသည် variable များဖော်ပြချက်၊ သတင်းအချက်အလက်များအား မည်ကဲ့သို့ ကောက်ယူခဲ့ပုံ၊ နောက်ဆုံး ပြင်ဆင်ဖြည့်စွက်ချက် စသည်ဖြင့် နောက်ခံအကြောင်းအရာများကို ပြောနိုင်သည်။
  • XML သို့မဟုတ် eXtensible Markup Language ကို စာရွက်စာတမ်းများ၏ metadata များအား တိုက်ရိုက် ထုတ်ပြန်နိုင်ရန်နှင့် process လုပ်နိုင်စေရန် ရည်ရွယ်၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။ XML format သည် dataset တစ်ခုအား မှတ်တမ်းမှတ်ရာ ပြုလုပ်ရန်လွယ်ကူစေသည်။ XML format သည် အသုံးပြုသူများအား သတင်းအချက်အလက်များအား document တစ်ခုတွင် အလွယ်တကူ tag တွဲနိုင်စေသည်။ ဤနည်းအားဖြင့် ကွန်ပျူတာများသည် အလိုအလျောက် အတိုချုပ် အညွှန်းတပ်နိုင်ပြီး လိုချင်သည့် သတင်းအချက်အလက်များအား အလွယ်တကူ လှန်လှော ရှာဖွေနိုင်ပေမည်။
  1. ဂျော်ဂျီယာနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၂ လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၃ သမ္မတ ရွေးကောက်ပွဲ၊ ၂၀၁၄ မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲများတွင် မဲရုံရလာဒ် ပုံစံစာရွက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ခဲ့သည်။ ကိုလံဘီယာ ပြည်တွင်းမှတ်တမ်းဌာနမှလည်း ၂၀၁၄ လွှတ်တော် ရွေးကောက်ပွဲတွင် scan ဖတ်ထားသော မဲရုံမဲရလာဒ် ပုံစံစာရွက်များကို ထုတ်ပြန်ပေးခဲ့သည်။ ၂၀၁၂ခုနှစ်တွင် မက်ဆီကို ဖက်ဒရယ် ရွေးကောက်ပွဲ အင်စတီကျုမှ သမ္မတနှင့် လွှတ်တော် ရွေးကောက်ပွဲမှ မဲရုံ ပဏာမ မဲရလာဒ်များကို ဓာတ်ပုံများဖြင့် PREP system ဝက်ဘ်ဆိုဒ်တွင် ထုတ်ဝေခဲ့သည်။ PREP system website.

Facebook
Twitter
Instagram
Youtube
Tumblr