ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ၏ စွမ်းပကားကို ဖော်ထုတ်ခြင်း


အပိုင်း ၂၊ ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက် မူများ

မူ (၂) ။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များသည် အသေးစိတ် စုစည်းထားသည့်အခါ ပွင့်လင်းမြင်သာမှုရှိသည်။

Granular

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား အသေးစိတ်ကျနိုင်သမျှ ထုတ်ပြန်သင့်ပေသည်။ အသေးစိတ်ဖြစ်သည့် သတင်းအချက်အလက်ဆိုသည်မှာ တနည်းနည်းဖြင့် ပြောင်းထားခြင်း၊ စုပေါင်းအကျဉ်းချုံးထားခြင်းမဟုတ်ဘဲ မူလအခြအနေအတိုင်းရှိရပေမည်။ ထို့ကြောင့်ပင် ဤမူအား သတင်းအချက်အလက်အား မူလအခြေအနေ၌ ထုတ်ပြန်ခြင်း သို့မဟုတ် ရင်းမြစ်အတိုင်း ထုတ်ပြန်ခြင်းဟူ၍ ပြောဆိုကြသည်။ ဤကဲ့သို့ သတင်းအချက်အလက် အသေးစိတ်ကျမှုသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုတို့ တိုးမြင့်စေသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်လာလျှင် မဲရုံတစ်ခုချင်းစီ၏ တည်နေရာ၊ လိပ်စာ၊ နှင့် အဆက်အသွယ်လုပ်နိုင်မည့် သတင်းအချက်အလက်များအား ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်၍ ထုတ်ပြန်ရန်လိုအပ်သည်မှာ သိသာထင်ရှားသည်။ မဲပေးပြည်သူများ မဲပေးနိုင်ရန် ဤသတင်းအချက်အလက်များကို အချိန်မီ လိုအပ်သည်။ လူအများ သတိထားမှုနည်းသည်မှာ မဲရုံတစ်ရုံချင်းစီမှ ထုတ်ပြန်သည့် မဲရလာဒ် အချက်အလက်များသည် အခြေခံအကျဆုံး၊ မူရင်းအကျဆုံး ဆိုသည့်အချက်ပင်။ မဲပေးခြင်းသည် မဲရုံများတွင် စတင်ပေရာ မဲရုံများ (မဲပေးခန်းမ[1] ၊ မဲပေးခန်း[2] စသည့်ဖြင့်လည်း ခေါ်သည်။) သည် ရွေးကောက်ပွဲ ရလာဒ်များ၏ မူလအရင်းအမြစ် အဆင့်ပင် ဖြစ်သည်။ ရွေးကောက်ပွဲ သတင်းအချက်အလက်များကဲ့သို့ အချက်အလက်များအား အသေးစိတ် မူရင်းအတိုင်းဖော်ပြခြင်းမဟုတ်ဘဲ တနည်းနည်းဖြင့် ပြင်ဆင်ထုတ်ပြန်ခြင်း၊ စုစည်းထားသော ပုံစံဖြင့် ထုတ်ပြန်ခြင်းတို့သည် ပွင့်လင်း သတင်းအချက်အလက် မူနှင့် ကိုက်ညီမှုမရှိချေ။ သတင်းအချက်အလက်များအား မူရင်းအကျဆုံး ပုံစံဖြင့် ဖော်ပြခြင်းမရှိခြင်းကြောင့်ပင် ရွေးကောက်ပွဲ မသမာမှုများအား ဖုံးကွယ်ရန် လွယ်ကူစေသည်။

မဲပေးသူများ မှတ်ပုံတင်ခြင်းအနေဖြင့်ပြောရမည်ဆိုလျှင် အသေးစိတ်အကျဆုံးအဆင့်သည် မဲပေးသူ တစ်ဦးချင်းစီပင် ဖြစ်သည်။ မဲပေးသူများ မှတ်ပုံတင်ခြင်းအတွက် အချက်အလက်ကောက်ခြင်းသည် တစ်ဦးချင်း မဲပေးသူများဖြစ်သော်လည်း ၄င်းအချက်အလက်များအားထုတ်ပြန်ရာတွင် နိုင်ငံအလိုက် ထုတ်ပြန်သည့် ပုံစံမတူကြ။ တချို့နိုင်ငံများရှိ ရွေးကောက်ပွဲ စီမံကျင်းပရေးအဖွဲ့အစည်းများသည် မဲပေးသူများ၏အချက်အလက် (နာမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား စသည်ဖြင့်) များပါသည့် မဲပေးသူစာရင်းအား စာရွက်ဖြင့် ဆိုင်ရာ မဲရုံရှေ့တွင် ထုတ်ပြန်တတ်ကြသည်။ မဲရုံတစ်ရုံချင်းစီအတွက် မဲစာရင်းကပ်ထားခြင်းသည် အသေးစိတ်ကျသော်လည်း ၄င်းသည် တစ်နိုင်ငံလုံးရှိ မဲစာရင်း၏ တစိတ်တပိုင်းသာ ဖြစ်သည့်အတွက် ပြည့်စုံခြင်းတော့မရှိပေ။ တချို့နိုင်ငံများတွင် ရွေးကောက်ပွဲစီမံကျင်းပရေး အဖွဲ့အစည်းများ၏ ဝဘ်ဆိုဒ်များတွင် မဲပေးသူစာရင်း အပြည့်အစုံအား ဖိုင်များစွာဖြင့် တင်ထားတတ်ကြသည်။ ထိုသို့ တင်ပေးထားသည့်အခါ အချက်အလက်များအား ပုံစံအမျိုးမျိုးဖြင့် သုံးသပ်ကြည့်နိုင်သည်။ ဥပမာ မဲစာရင်းပေါ်တွင် အမျိုးသမီးပါဝင်မှု အချိုးအစား၊ အစဉ်အလာဖြင့် ဘေးထုတ်ခံရသည့် အုပ်စုများပါဝင်မှု စသည့်အချက်များအား သိရှိနိုင်ပေမည်။ တခြားနိုင်ငံများတွင် မဲပေးမည့်သူများ၏ ကိုယ်ရေးကိုယ်တာအချက်များ ပေါက်ကြားနိုင်ရန် စိုးရိမ်မှုများ ရှိသည့်အတွက် ၄င်းအချက်အလက်များအား အစုအပြုံလိုက်ထုတ်ပြန်ခြင်းမပြုဘဲ လူတစ်ဦးချင်းအား ရှာဖွေနိုင်အောင် ပြုလုပ်ထားပေးသည်။ အကယ်၍ ယင်းကဲ့သို့ သတင်းအချက်အလက် ပေါက်ကြားရန်စိုးရိမ်မှုများရှိသည့်အတွက် သတင်းအချက်အလက်ထုတ်ပြန်ခြင်းအပေါ် တရားဝင်တားမြစ်ချက်များရှိလျှင် တားမြစ်ထားရခြင်းအကြောင်းအရင်းအား ကောင်းစွာရှင်လင်းထားရပေမည်။ မလွဲမရှောင်သာသည့် တားမြစ်ချက်များအားလည်း နည်းနိုင်သမျှနည်းအောင် လျှော့ချသင့်သည်။

ယခုထွန်းကားစပြုလာသည့် ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးရေးနယ်ပယ်တွင်လည်း အခြေခံအဆင့် (ဥပမာ မဲရုံအဆင့်) သတင်းအချက်အလက်ထုတ်ပြန်မှုတွင် သံသယဖြစ်ဖွယ်များအား ဖော်ထုတ် သုံးသပ်နိုင်ရန် စာရင်းအင်းနည်းပညာ[3] အမျိုးမျိုးအား အသုံးပြုလာနေသည်။ ထို့ပြင် မဲပေးရန်အသုံးပြုသည့် အဆောက်အဦးများ ဖြစ်ကြသည့် အုပ်ချုပ်ရေးရုံး၊ စာသင်ကျောင်း၊ စျေးရုံ စသည့် နေရာများသည်ပင် မဲဆန္ဒရှင်များမှတ်ပုံတင်ခြင်း၊ တိုင်တန်းချက်များပြုလုပ်သည့် နေရာများပင် ဖြစ်သည်။ ထို့ကြောင့် သတင်းအချက်အလက်များအား အခြေခံမူရင်းအဆင့်တွင် လက်လှမ်းမီခြင်းသည် မဲဆန္ဒရှင် ပြည်သူများနှင့် အခြားပါဝင်ပတ်သက်သူများအတွက် ရွေးကောက်ပွဲဖြစ်စဉ် အစိတ်အပိုင်းအများစုအား ပွင့်လင်းမြင်သာမှုရှိမရှိ စိစစ်နိုင်ရန် အဓိကကျပေသည်။

မည်သည့် သတင်းအချက်အလက်များသည် မူလရင်းမြစ်၊ အခြေခံဆင့်ရှိကြောင်း ဆုံးဖြတ်ရာတွင် စဉ်းစားရန်မေးခွန်းများ

  • သတင်းအချက်အလက်အား မည်သည့်နေရာတွင် ပထမဆုံးကောက်ယူခဲ့သနည်း။ ဤမေးခွန်း၏ အဖြေသည် သတင်းအချက်အလက်မူရင်းဇစ်မြစ်အား ညွှန်ပြနိုင်သည်။
  • သတင်းအချက်အလက်ကောက်ယူသည့် နေရာများ တစ်နေရာနှင့်တစ်နေရာ မတူညီသည့်အခါ မည်သည့်အဆင့်တွင် ၄င်းသတင်းအချက်အလက်များသည် မူလအကျဆုံး၊ ဇစ်မြစ်အကျဆုံး ဖြစ်နိုင်သနည်း။
  • ကောက်ယူသည့် သတင်းအချက်အလက်များသည် မဲပေးခြင်းနှင့်သက်ဆိုင်သလား။ သက်ဆိုင်လျှင် မဲရုံသည် မူလအကျဆုံးအဆင့်ဖြစ်နိုင်သည်။
  • သတင်းအချက်အလက်သည် မဲလက်မှတ်ပေါ်တွင် အမည်ဖော်ပြခွင့် သို့မဟုတ် မဲပေးရန် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်လျှင် လူတစ်ဦးချင်းစီ (မဲပေးသူများ (သို့) သူတို့၏လက်မှတ်များ) သည် မူလအကျဆုံး အဆင့်ဖြစ်ပေမည်။

ကမ္ဘာရှစ်နိုင်ငံအဖွဲ့ အစိုးရခေါင်းဆောင်များသည် ၂၀၁၃ ဇွန်လတွင် ဂျီအိတ် (ကမ္ဘာရှစ်နိုင်ငံအဖွဲ့) ပွင့်လင်းသတင်းအချက်အလက်ကြေငြာစာတမ်း နှင့် ပူးတွဲစာတမ်း အား လက်မှတ်ရေးထိုးခြင်းဖြင့် ဤမူ၏အရေးပါမှုအား အတိအလင်း ထုတ်ဖော်ခဲ့ကြသည်။ ၄င်းကြေငြာစာတမ်းတွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ အစိုးရများသည် အရေးအသွေးကောင်းမွန်သည့် ပွင့်လင်းသတင်းအချက်အလက်များ ထုတ်ပြန်ရန် ကတိကဝတ်ပြုကြပြီး ပွင့်လင်းသတင်းဟူသည်မှာ မူရင်း အပြောင်းအလဲမလုပ်ထားသည့် အသေးစိတ်အကျဆုံး အဆင့်ရှိသည့် သတင်းအချက်အလက်များအားဆိုလိုကြောင်း ထုတ်ပြန်ခဲ့ကြသည်။

  1. မာလာဝီ၊ ဇမ်ဘီယာကဲ့သို့သော အချို့သော အာဖရိက နိုင်ငံများတွင် အနိမ့်ဆုံး အဆင့်ကို မဲပေးခန်းမဟုခေါ်ပြီး နောက်တစ်ဆင့်အမြင့်ကိုမှ မဲရုံဟု ခေါ်သည်။ ယခုစာတမ်းတွင်ပါဝင်သည့် မဲရုံဆိုသည်မှာ မဲပေးနိုင်သည့်၊ မဲရလာဒ်များ သိရှိနိုင်သည့် အနိမ့်ဆုံးအဆင့်ကို ဆိုလိုသည်။
  2. လက်တင်အမေရိက နိုင်ငံများတွင် မဲပေးနိုင်သည့်အနိမ့်ဆုံးအဆင့်ကို မဲပေးခန်း (သို့) mesa ဟု ခေါ်ကြသည်။ မဲပေးသည့်စင်တာ (အဆောက်အဦး)တွင် မဲပေးနိုင်သည့် အခန်းအများအပြား ပါဝင်သည် (အဆောက်အဦးတစ်ခုထဲတွင် မဲပေးနိုင်သည့် အခန်းငယ်များစွာ ပါဝင်ခြင်းသည်။) ယခုစာတမ်းတွင် ပါဝင်သည့် မဲရုံဆိုသည်မှာ မဲပေးနိုင်သည့်၊ မဲရလာဒ်များ သိရှိနိုင်သည့် အနိမ့်ဆုံးအဆင့်ကို ဆိုလိုသည်။
  3. ဥပမာ ရုရှား၊ အီရန်နှင့် ယူကရိန်း နိုင်ငံတို့တွင် ဂဏန်းလုံးများ အသုံးပြု စစ်ဆေးခြင်းများ၊ ထူးခြားပြီး ပုံမှန်မှ သွေဖည်နေသည့် အချက်အလက်များကို စမ်းစစ်ခြင်း အစရှိသည့် နည်းများကို အသုံးပြုကြသည်။

Facebook
Twitter
Instagram
Youtube
Tumblr