ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ၏ စွမ်းပကားကို ဖော်ထုတ်ခြင်း


အပိုင်း (၃) ရွေးကောက်ပွဲဖြစ်စဉ်၏ အဓိက ကဏ္ဍများ

ရွေးကောက်ပွဲ ရလဒ်

Election Results

ရွေးကောက်ပွဲ ရလဒ်ဟူသည် အဘယ်နည်း။

ရွေးကောက်ပွဲ ရလာဒ်များသည် ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲမှု အနေအထားနှင့် ရလာဒ်များကို ထင်ဟပ် ပြသသည်။ ရွေးကောက်ပွဲရလာဒ်နှင့် ရွေးကောက်ပွဲစနစ်တို့အပေါ် မူတည်၍ ဒုတိယအချီ ရွေးကောက်ပွဲ ကျင်းပရန်အတွက်လည်း အခြေခံပင် ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များမှာ မဲရုံအဆင့် မဲရလဒ်များကို အခြေခံ၍ တွက်ချထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲအမျိုးအစားတို့အပေါ် မူတည်၍ မဲရုံအဆင့် မဲရလဒ်များအား တစ်ဆင့်မြင့်သည့် မဲရေတွက်ရေး ဌာနသို့ပို့ပြီးနောက် ဗဟိုမဲရေတွက်ရေး ဌာနသို့ ထပ်မံ ပေးပို့သည်။ ရွေးကောက်ပွဲ စီမံကျင်းပရေးအဖွဲ့ (EMB) သည် ရွေးကောက်ပွဲရလဒ်များကို ရေတွက်ပြီး ရွေးကောက်ပွဲအနိုင်ရသူများကို ဆုံးဖြတ်ရန် တာဝန်ရှိသည်။ EMB သည် ရွေးကောက်ပွဲရလဒ်များအား အသေးစိတ်အကျဆုံးအဆင့် (မဲရုံအဆင့်) မှနေ၍ အချိန်မီနှင့် ပြီးပြည်စုံစွာ ထုတ်ပြန်သင့်သည်။

မဲပေးသူ အရေအတွက် စုစုပေါင်းသည်လည်း ရွေးကောက်ပွဲရလာဒ် တစ်မျိုးပင်ဖြစ်သည်။ ယင်းသည် မဲပေးပိုင်ခွင့်ရှိသူ အထဲမှ မဲပေးခဲ့သည့် လူဦးရေ ရာခိုင်နှုန်းကို ကိုယ်စားပြု ဖော်ပြသည်။ တိတိပပပြောရလျှင် မဲပေးသူအရေအတွက် စုစုပေါင်းသည် မဲရုံအဆင့် မဲစာရင်းတွင် မှတ်ပုံတင်ထားသူများထဲမှ မဲပေးခဲ့သူ ရာခိုင်နှုန်း ဖြစ်သည်။ မဲပေးနိုင်သော အသက်အရွယ် ပြည့်ပြီး လူဦးရေ ဆိုသည်မှာ မှတ်ပုံမတင်ထားသူများနှင့် အကြောင်းကြောင်းကြောင့် မဲပေးခွင့်မရသူများ အပါအဝင် မဲပေးခဲ့သည့် မဲပေးအသက်အရွယ်လူဦးရေ ရာခိုင်နှုန်းဖြစ်သည်။ မကြာသေးမီကမှ ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများတွင် ဂျော်ဂျီယာနိုင်ငံ (၂၀၁၂ နှင့် ၂၀၁၃) နှင့် ယူကရိန်းနိုင်ငံ (၂၀၁၄) များရှိ ရွေးကောက်ပွဲကော်မရှင်များသည် ရွေးကောက်ပွဲနေ့ တလျောက် သတ်မှတ်ထားသည့် အချိန်များနှင့် (ဥပမာ နေ့လည် ၁၂ နာရီနှင့် နေ့ခင်း ၃ နာရီ) မဲပေးခြင်း ပြီးဆုံးသည့်အခါများမှာပါ မဲပေးသူအရေအတွက်စုစုပေါင်းကို ထုတ်ပြန်ပေး ခဲ့ကြသည်။ ၄င်းနည်းတူ တူနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင် (ISIE) သည် ၂၀၁၄ ခုနစ် သမ္မတနှင့် ပါလီမန် ရွေးကောက်ပွဲများ အတွက် မဲပေးသူအရေအတွက်စုစုပေါင်းကို ရွေးကောက်ပွဲနေ့ တလျောက်လုံး ထုတ်ပြန်ပေးခဲ့သည်။

တချို့နိုင်ငံများတွင် တချို့အခြေအနေများ၌ ရွေးကောက်ပွဲ ရလဒ်များအား မဲရလာဒ် စာရင်းစစ်ခြင်း၊ ပြန်လည်ရေတွက် ခြင်းတို့မှ တဆင့် စစ်ဆေးနိုင်သည်။ မဲရလာဒ် စာရင်းစစ်သည့်အခါ အရေးကြီးပြဿနာများ ရှိမရှိ ဆုံးဖြတ်နိုင်ရန် မဲပြား စုဆောင်းသည့် ဖြစ်စဉ်အဆင့်ဆင့်၊ မဲရေတွက်သည့် ဖြစ်စဉ်အဆင့်ဆင့် တို့ကို စစ်ဆေးခြင်းတို့ပါဝင်သည်။ မဲရလာဒ် စာရင်း စစ်ဆေးတွေ့ရှိချက်များကြောင့် မဲရလာဒ်များ တိကျမှုရှိ မရှိ အတည်ပြုနိုင်ရန် မဲများကို ပြန်လည်ရေတွက် ရသည်များရှိနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်သည် အီလက်ထရွန်နစ် မဲပေးစက်များ၏ တိကျမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအား ဖြေရှင်းရန် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျပန်းလူဖြင့် မဲရလာဒ် စာရင်းစစ်ခြင်း (random manual audit) စနစ်ကို စတင်ခဲ့သည်။ ယင်းစနစ်အရ ကျပန်း ရွေးချယ်ထားသော နေရာများမှ မဲပေးခြင်းနှင့်ဆက်စပ်သည့် ပစ္စည်းများအား စစ်ဆေးပြီး မဲပြားများအားပြန်လည်ရေတွက်လျက် ပဏာမ မဲရလဒ်များနှင့် နှိုင်းယှဉ်ကြည့်သည်။ အာဖဂန်နစ္စတန်နိုင်ငံ၌၂၀၁၄ သမ္မတရွေးကောက်ပွဲ ဒုတိယအချီမှ မဲရလဒ်များသည် အငြင်းပွားစရာ ဖြစ်လာသည့်အခါ ရွေးကောက်ပွဲကော်မရှင်သည် မဲပုံးအားလုံးကို မဲရလာဒ် စာရင်းစစ်ခဲ့သည်။ အခြေအနေမဟန်သော မဲပုံးများတွေ့လျှင် ယင်းပုံးများကို ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

မဲပြန်လည်ရေတွက်ရန်အကြောင်းဖန်တီးနိုင်သည့် အခြားအခြေအနေများလည်းရှိနိုင်သည်။ မဲအရေအတွက် ကပ်၍ ရှုံး/နိုင်သည့် ရွေးကောက်ပွဲဖြစ်လျှင်သော်လည်းကောင်း၊ မဲပြားများအား မှန်ကန်စွာရေတွက်ခဲ့ခြင်း မရှိဟု တစ်စုံတစ်ယောက်က ယုံကြည်ရန် အကြောင်းပြချက်ရှိသည့်အခါတွင်လည်းကောင်း မဲတစ်ချို့တစ်ဝက်ကို သော်လည်းကောင်း၊ အားလုံးကို သော်လည်းကောင်း ပြန်လည်ရေတွက်နိုင်သည်။ မဲပြန်လည်ရေတွက်ရန် အကြောင်း ဖန်တီးနိုင်သည့် အခြေအနေများ၊ ပြန်လည်ရေတွက်ရမည့်ပုံစံ၊ ပြန်လည်ရေတွက်နိုင်သူ စသည်တို့အား ရွေးကောက်ပွဲ ဥပဒတွင် ဖော်ပြထားတတ်ကြပြီး၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ခြားနားသည်။ ဥပမာအားဖြင့် တူနီးရှားနိုင်ငံတွင် မဲရေတွက်စဉ်အတွင်း မဲပြားအရေအတွက်နှင့် မဲစာရင်းရှိ လက်မှတ်အရေအတွက်တို့ မတူညီသည့်အခါ မဲပြားများကို ပြန်လည် ရေတွက်ရသည်။ ယူဂန်ဒါနိုင်ငံတွင်မူ ၂၀၀၅ ပါလီမန်ရွေးကောက်ပွဲ အက်ဥပဒေ[1] အရ မဲအများဆုံးအနိုင်ရသည့် ကိုယ်စားလှယ်များသည် အနိုင်ရသည့် မဲအရေအတွက် တူညီသည့်ခါတွင်လည်းကောင်း၊ အများဆုံး အနိုင်ရထားသည့် ကိုယ်စားလှယ်များအကြား မဲကွာဟမှုသည် အရေအတွက်အားဖြင့် (၅၀) ထက်နည်းသည့်အခါတွင်လည်းကောင်း မဲပြားများကို ပြန်လည်ရေတွက်ရသည်။

ရွေးကောက်ပွဲရလာဒ်များ၏ အရေးပါပုံ

ရွေးကောက်ပွဲရလာဒ်များက ရွေးကောက်ပွဲ အနိုင်ရသူများကို ဆုံးဖြတ်သည်။ ရွေးကောက်ပွဲစနစ် အတော်များများ တွင် ရွေးကောက်ပွဲရလဒ်များသည် လွှတ်တော်အမတ်နေရာများကို ဆုံးဖြတ်ရာတွင် အခြေခံဖြစ်သည်။ အဆုံးတွင် မဲရလဒ်များသည်ပင် မဲဆန္ဒရှင်များကို ကိုယ်စားပြုမည် ကိုယ်စားလှယ်အမတ်များကို အဆုံးအဖြတ် ပေးသည်။ ရွေးကောက်ပွဲရလဒ်များအား မူလမဲပေးသည့် နေရာ၊ မူလမဲရေတွက်သည့်နေရာ (မဲရုံများ) ၌ လူထုသို့ထုတ်ပြန်ခြင်း၊ ထို့နောက် တစ်ဆင့်တစ်ဆင့်တက်၍ (ရပ်ကွက်၊ ခရိုင်၊ ဒေသ/ပြည်နယ်နှင့် တစ်နိုင်ငံလုံး အဆင့် ဌာန) များတွင် ထုတ်ပြန်ခြင်းဖြင့် မဲရေတွက်သည့် ဖြစ်စဉ်တစ်ခုလုံး၏ တာဝန်ယူတာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု တို့ကို တိုးမြှင့်နိုင်သည်။ ရွေးကောက်ပွဲရလဒ်များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးခြင်း သည် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် လူထုယုံကြည်မှု သိသိသာသာ တိုးလာစေမည်။ ရွေးကောက်ပွဲ ရလဒ်များကို ပွင့်လင်းမြင်သာစွာထုတ်ပြန်သည့်အခါ ပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာတို့သည် သူတို့၏ လေ့လာတွေ့ရှိချက် များနှင့်နှိုင်းယှဉ်လျက် အတည်ပြု သို့မဟုတ် ငြင်းပယ်နိုင်သည်။ လေ့လာသူများသည်လည်း ရွေးကောက်ပွဲ ရလဒ်များကို သူတို့၏ ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များနှင့်နှိုင်းယှဉ်ပြီး မဲရလဒ်များသည် ပြည်သူ့ဆန္ဒကို လေးစားမှုရှိကြောင်း သေချာစေနိုင်သည်။ မက္ကဆီကိုနိုင်ငံ ၂၀၁၄ ရွေးကောက်ပွဲ အင်စတီကျူးရှင်းများနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အထွေထွေ ဥပဒေအရ မဲရလဒ်များကို ပါတီကိုယ်စားလှယ်များ၊ ပါတီဘက်လိုက်မှုကင်းသည့် စောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများထံသို့ ထုတ်ပြန်ပေးရသည်။[2] ယင်းဥပဒေမူဘောင်သည် ရွေးကောက်ပွဲရလဒ်များကို နိုင်ငံသားအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများမှ သီးခြားအတည်ပြုနိုင်ခွင့်ကိုလည်းပေးသည်။

နိုင်ငံရေးအခြေအနေ အပေါ်မူတည်၍ မဲပေးသူအရေအတွက် စုစုပေါင်းကို ကြည့်ခြင်းအားဖြင့် မဲပေးအရွယ် ပြည်သူလူထု၏ နိုင်ငံရေးဖြစ်စဉ်အပေါ် စိတ်ပါဝင်စားမှု၊ ပါဝင်လှုပ်ရှားမှုတို့ကို သိနိုင်သည်။ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးနှင့် အင်စတီကျူးရှင်း အခြေအနေ၊ ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် သွေးထွက်သံယိုမှု သို့မဟုတ် သွေးထွက်သံယိုလုပ်ရန် ခြိမ်းခြောက်မှု၊ ရွေးကောက်ပွဲအပြိုင်အဆိုင်ရှိမှု စသည့် အချက်ပေါင်းများစွာသည် မဲပေးသူ အရေအတွက် စုစုပေါင်းအပေါ် သက်ရောက်မှုရှိနိုင်သည်။ မဲပေးသူအရေအတွက် စုစုပေါင်း အချက်အလက်များကို အသုံးပြုလျက် နိုင်ငံသား စောင့်ကြည့်လေ့လာရေး အုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် ပါဝင်ဆင်နွှဲမှု သတင်းအချက်အလက်များကို ထုတ်လုပ်နိုင်၊ အကဲဖြတ်နိုင်သည်။ ပါဝင်ဆင်နွဲမှု သတင်းအချက်အလက်များ သည် ကျားမအလိုက်၊ ဒေသအလိုက်၊ အသက်အရွယ်နှင့် အခြားအချက်များအလိုက် မဲပေးသည့်ပုံစံများ၊ လမ်းကြောင်းများနှင့် ရွေးကောက်ပွဲ၏ ယုံကြည်ရမှုအပေါ်သက်ရောက်နိုင်သည့်အခြားအချက်များ သို့မဟုတ် အနာဂတ်တွင်ပြုလုပ်မည့် မဲဆန္ဒရှင်များ ပညာပေးခြင်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ အပေါ်အကျိုးပြုနိုင်သည့် အချက်များကို ထုတ်ဖော်ပြနိုင်သည်။

ပဏာမအဆင့် မဲရေခြင်းနှင့်တွက်ချက်ခြင်း ဖြစ်စဉ်အဆင့်အဆင့်ကဲ့သို့ပင် မဲစာရင်းစစ်ခြင်း၊ ပြန်လည်ရေတွက် ခြင်းတို့သည် အကျုံးဝင်လျှင်ဝင်သလို ရွေးကောက်ပွဲအပေါ် ပြည်သူလူထု ယုံကြည်လာစေရန် အဓိက အရေးပါ သည်။ မဲစာရင်းစစ်ခြင်း၊ ပြန်လည်ရေတွက်ခြင်း၊ ပြန်လည်ရေတွက်ရခြင်း အကြောင်းအရင်း၊ အသုံးပြုသည့်နည်းနှင့် ရွေးကောက်ပွဲ ရလဒ်များ အပြောင်းအလဲဖြစ်ခဲ့လျှင် ယင်းအပြောင်းအလဲများ စသည်တို့နှင့်ဆက်စပ်သည့် အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသင့်သည်။ ဤအချက်အလက်များ၌ စာရင်းစစ်ခံရမည့်/ မဲပြန်လည်ရေတွက်ခြင်းခံရမည့် မဲရုံများ၊ ယင်းမဲရုံများကို ရွေးချယ်ရာတွင် အသုံးပြုသည့်နည်း၊ မဲစာရင်းစစ်/ မဲပြန်လည်ရေတွက်သည့် ပုံစံဖောင်များ၊ မဲရုံအဆင့်ထွက်လာသည့် မဲစာရင်းစစ်ဆေးမှု/ မဲပြန်လည်ရေတွက်မှုရလဒ်များနှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ အကြား ကွာဟမှု စသည့်အချက်အလက်များပါဝင်သည်။

ရွေးကောက်ပွဲရလာဒ် ဆိုင်ရာ အချက်အလက် နမူနာ

ရွေးကောက်ပွဲရလာဒ် အချက်အလက်နမူနာများတွင် အထွေထွေ သတင်းအချက်အလက်များဖြစ်သည့် နိုင်ငံအမည်၊ နိုင်ငံကုတ်၊ ခုနစ်၊ ရွေးကောက်ပွဲအမျိုးအစား၊ ကျင်းပသည့်နေ့စွဲ၊ ယှဉ်ပြိုင်သည့် ရာထူးနေရာ စသည်တို့ပါဝင်သည်။ မှတ်ပုံတင်ထားသည့် မဲပေးသူအရေအတွက် စုစုပေါင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးချင်း ရရှိသည့် မဲအရေအတွက် စုစုပေါင်း၊ ပျက်စီးစွန်းထင်သွားသည့်မဲ (spoiled)၊ ပယ်မဲ၊ မဲပေးသူ အရေအတွက် စသည့် ရွေးကောက်ပွဲ ရလာဒ်အချက်အလက်များကို မဲပေးပြီး မဲရေတွက်သည့်နေရာဖြစ်သည့် မဲရုံအဆင့်တွင် ထုတ်ပြန်သင့်သည်။ ပွင့်လင်းမြင်သာမှု အများဆုံးရှိစေရန် မဲရလဒ်များအား စုဆောင်းသည့် အဆင့်တိုင်း၊ စောင့်ကြည့်လေ့လာသည့် အဆင့်တိုင်းတွင် ထုတ်ပြန်သင့်သည် (ဥပမာအားဖြင့် ရပ်ကွက်အဆင့်၊ ခရိုင်အဆင့်၊ ဒေသ/ ပြည်နယ်အဆင့်နှင့် တစ်နိုင်ငံလုံးအဆင့် မဲရေတွက်သည့် ဌာန စသည်)။ ရလဒ်အမျိုးအစားကို သတ်မှတ်ဖော်ပြထားသည့် (ယာယီ သို့မဟုတ် နောက်ဆုံး/အတည်ပြုပြီး ရလဒ်များ)၊ အနိုင်ရရှိသည့် ရာထူးနေရာ အရေအတွက် (အကျုံးဝင်လျှင်)၊ မဲရလဒ်များနောက်ဆုံး ပြင်ဆင်ဖြည့်စွက်ထားသည့်အချိန် စသည့် အချက်အလက်များသည်လည်း ရွေးကောက်ပွဲရလာဒ်နှင့်ဆက်စပ် သည့် အချက်အလက်များထဲတွင် အကျုံးဝင်သည်။ အကယ်၍ မဲစာရင်းစစ်ခြင်း၊ မဲပြန်လည်ရေတွက်မှုများ ရှိခဲ့သော် အသုံးပြုသည့်နည်း၊ မဲပုံးများ၊ မဲရုံများကို မည်သို့မည်ပုံရွေးချယ်ခဲ့ပုံ၊ မဲရလာဒ်အပြောင်းအလဲများ၊ နောက်ဆုံး ရွေးကောက်ပွဲရလာဒ် အပြောင်းအလဲများ စသည့်အချက်အလက်များလည်းပါဝင်သင့်ပေသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်ဖြစ်သည့် COMELEC သည် လူကိုအသုံးပြုကာ ကျပန်းစနစ်ဖြင့် မဲရလာဒ် စာရင်းစစ်ဖြစ်စဉ် အဆင့်အဆင့်အကြောင်း အချက်အလက်အမျိုးမျိုးကို ထုတ်ပြန်ပေးသည်။ ၂၀၁၃ ရွေးကောက်ပွဲအတွက် ဤအချက်အလက်များတွင် ရွေးကောက်ပွဲကိုယ်စားလှယ်များအကြား ဒေသအဆင့် မဲကွာဟမှုများအကြောင်း သတင်းအချက်အလက်များ ပါဝင်သည်။

တောင်အာဖရိကနှင့် သြစတြေးလျ နှစ်နိုင်ငံစလုံး၌ ရွေးကောက်ပွဲရလာဒ်များကို ပြည်သူလူထုသို့ ထုတ်ပြန်သည့် ထူးခြားသော စနစ်များရှိကြသည်။ ၂၀၁၄ ရွေးကောက်ပွဲများတွင် တောင်အာဖရိကနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင် (IEC) သည် မဲရုံအဆင့် ရလဒ်များအား scan ဖတ်ရယူခဲ့ပြီး၊ မြူနီစီပယ် ရွေးကောက်ပွဲရုံးများတွင် သီးခြား စာရင်းစစ်ခဲ့သည်။ ယင်းမြူနီစီပယ်ရုံးများ၌ပင် မဲရလဒ်များကို ပါတီကိုယ်စားလှယ်များထံ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ယင်းရလဒ်များကို နိုင်ငံအဆင့်၊ ပြည်နယ်အဆင့် မဲရလဒ်ဌာနများတွင် ဘုတ်များဖြင့် ပြသခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်တွင်လည်း စက်ဖြင့်ဖတ်နိုင်သည့် format ဖြင့် တစ်စုတစည်းတည်း download လုပ်နိုင်ရန် တင်ထားပေးသည်။ သြစတြေးလျနိုင်ငံတွင် မီဒီယာ အဖွဲ့အစည်းများ၊ ကမ္ဘာ့မည်သည့်နေရာမှမဆို စိတ်ပါဝင်စားသူများအား ရွေးကောက်ပွဲရလဒ်များ၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ File Transfer Protocol (FTP) မှတဆင့် ထုတ်ပြန်ပေးသည့် ရွေးကောက်ပွဲသတင်းမီဒီယာဆိုင်ရာ အထူး feed တစ်ခုရှိသည်။

  1. ပုဒ်မ၅၄
  2. ပုဒ်မ ၂၉၆နှင့် ၂၉၇

Facebook
Twitter
Instagram
Youtube
Tumblr